ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်သည့် အဖိုးအိုလည်း မနေရပါ

ရွှေယုန်။                   ။ ဘဘ ခုတလော ဆန်ဖွတ်တာလည်း သိပ်မတွေ့ပဲ အလုပ်ပါးတယ် ထင်ပါ့
ဆန်ဖိုးဖိုး။        ။  အို… ပါးဆို ငါ့မြေးရယ်၊ လူတွေက ခုတလော ဘဘဖွတ်တဲ့ဆန်မဟုတ်ဘဲ Imported ဆန်ဆိုလား ဘာဆိုလား ပိုစားကြတယ်တဲ့၊ အင်း… ပိုစားဆို သူတို့ဆန်တွေက ဈေးလည်းသက်သာပြီး အရည်အသွေးလည်း ကောင်းတယ်တဲ့
ရွှေယုန်။                   ။ ဟင်.. ဒါကဘယ်လိုဖြစ်ရတာလဲ ????
ဆန်ဖိုးဖိုး။        ။ ဒါကတော်သေး ၊ ၂၀၁၅ လောက်ရောက်ရင် AEC ဆိုတဲ့ကောင် လာအုံးမှာတဲ့၊ အဲ့ဒီအခါ ဘဘတောင် အငြိမ်းစားရသွားနိုင်တယ် ငါ့မြေး။ ဘဘထက် အသက်ငယ်ပြီး ပညာပိုတတ်၊ အလုပ်ပိုကျွမ်းကျင်တဲ့လူငယ်တွေက ဘဘတို့နေရာကို ယူသွားတော့မှာလေ…
ဟင့်… ပြောရင်းနဲ့တောင် ဝမ်းနည်းပါတယ်… အင်္ဂလန်တို့ အမေရိကန်တို့က ဘဘသူငယ်ချင်းတွေဆိုရင် အစောကြီးကတောင် အငြိမ်းစားယူကုန်ကြပါပြီ။ သူတို့မှာက AEC လို EEC တို့ NAFTA တို့က အစောကြီးကတည်းက ရှိနေတာဆိုတော့ သူတို့နေရာကို သူတို့ထက်ပိုဈေးသက်သာပြီး လုပ်ရည်ကိုင်ရည် ပိုကောင်းတဲ့ အိမ်နီးချင်း ပိုလန်တို့ မက္ကဆီကိုတို့က လူတွေက ယူသွားကြတာလေ၊ ဘဘက မှ သူတို့ထက် ပိုကြာကြာလေး အလုပ်လုပ်နိုင်တယ် ဆိုရအုံးမယ်

ရွှေယုန်။                   ။ သြော်… ဒီလိုအဖြစ်မျိုးတွေလည်း ရှိတာကိုး၊ AEC အကြောင်းကို ပိုပြည့်ပြည့်စုံစုံလေး ရှင်းပြပါအုံး ဘဘ။
ဆန်ဖိုးဖိုး။        ။အင်း… ဒီကလေးကတော့ ငိုချင်ရဲ့လက်တို့ လာလုပ်နေပြန်ပြီ။ သူ့အကြောင်းပြောရင် ဝမ်းနည်းပါတယ်ဆို။ နို့ပေတဲ့ သိချင်တယ်ဆိုမှဖြင့် ပြောပြရတာပ။
AEC ဆိုတာ ASEAN Economic Community ကိုအတိုကောက်ခေါ်တယ်။ မြန်မာလိုကတော့….. မပြန်တာပဲကောင်းပါတယ်။ တော်ကြာ မြန်မာပြန်မှ နားလည်ရခက်နေအုံးမယ်။ သူကဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေကြားမှာ လက်မှတ်ထိုးထားတဲ့ နားလည်မှု (Agreement) တစ်ခုလို့ပဲ လွယ်လွယ်ဆိုကြပါဆို့
သူ့ထဲမှာ ဘာတွေကို သဘောတူထားသလဲဆိုတော့ကား အာဆီယံနိုင်ငံတွေအကြား အချင်းချင်း လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်နဲ့ ရင်းနှီးမြှပ်နှံခွင့်တွေကို သဘောတူထားတာပေါ့။ ဥပမာဆိုရင် အခု နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အရောင်းအဝယ် လုပ်တဲ့အခါ ကုန်သွယ်ခွန်တို့ဘာတို့ ပေးရတယ်ပေါ့။ အကယ်၍ AEC သာရှိမယ်ဆိုရင် အဲ့ဒီအခွန်တွေ ပေးစရာ မလိုတော့ဘဲ လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ရှိသွားတာပေါ့ကွာ။ အကျိုးဆက်အနေနဲ့ဆိုရင်တော့ ရောင်းသူတွေက ဈေးနှုန်းသက်သာစွာနဲ့ရောင်းနိုင်ပြီးတော့ ဝယ်သူတွေက သူတို့တတ်နိုင်တဲ့ ပမာဏပေါ်မှာ ရွေးချယ်ခွင့်ပိုရသွားတယ်လေ။
အင်…. ဘဘတို့လို အရေအတွက် နဲနဲပဲထုတ်နိုင်ပြီး ဖြည့်စွက်တန်ဖိုး (Value added) သိပ်မရှိတဲ့ ပစ္စည်းတွေကတော့ ရောင်းမကောင်း၊ အရှုံးပေါ်၊ လုပ်ငန်းပိတ် အိမ်မှာပဲ အငြိမ်းစားယူရတဲ့ဘဝ ရောက်သွားမှာပေါ့ကွယ်… ဟင်း…..
ရွှေယုန်။                   ။အလို… ဒီလိုတော့ ဘယ်ဖြစ်မလဲ။ မြေးမှာ ဘဘဖွတ်တဲ့ဆန်လေးပဲ စားနေရတာဆိုတော့ အရင်းပြုတ်သွားလို့ ဘယ်ဖြစ်မလဲ။ နည်းလမ်းလေးတော့ ရှိအုံးမှပေါ့။ မဟုတ်လို့ ဘဘများဆုံးပါးသွားရင် သူများဆီမှာ မျက်စိသငယ် နားသငယ်နဲ့ အလုပ်သွားလုပ်နေရအုံးမယ်။ ဘဘ ပြောပုံအတိုင်းဆိုရင် နောင်အလုပ်ရဖို့တောင် ခပ် ခက်ခက်ရယ်။ မိသားစု လက်ငုတ်လက်ရင်းအလုပ်ကလေးကိုပဲ ဘဘအမွေဆက်ခံရင်း ဆက်လုပ်ဖို့စဉ်းစားထားတာ။ ဒီလိုဆိုရင်တော့အခက်သား။ နည်းလမ်းလေးတော့ ရှိမှာပါ။ စဉ်းစားပေးပါအုံး ဘဘရယ်…
ဆန်ဖိုးဖိုး။        ။အနာသိရင်ဆေးရှိတယ်ဆိုသလို နည်းလမ်းက မရှိတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လို့ကား အရင်ကလို မိဘတွေကွယ်ရင် အမွေရ၊ ဒီအလုပ်ကိုပဲ အပြောင်းအလဲမရှိ ဆက်လုပ်လို့မရဘူး။ ဆိုလိုတာက အရင်ကရှိခဲ့တဲ့ လုပ်ရိုးလုပ်စဉ်တွေအပေါ် အခြေခံပြီး တိုးတက်အောင် စဉ်းစားအကြံထုတ်ရမယ်လို့ ပြောတာကွဲ့။ အရင်ကလို ဒီတိုင်းက ဒီတိုင်းပဲ ဆိုတာမျိုးတော့ မရတော့ဘူး။ ဒီခေတ်စကားနဲ့ပြောရင် အရင်အလုပ်ကို ဒီအတိုင်းပဲဆက်လုပ်မယ်ဆိုတဲ့ အိုင်ဒီယာက ဒိတ်အောက်သွားပြီ။ နည်းလမ်းအသစ်တွေကို ရှာဖွေရင်း လက်ရှိလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ရမယ်။
ဒီလိုပြောရတာအကြောင်းရှိတယ်ကွဲ့။ အကြောင်းက အကယ်၍ နိုင်ငံခြားရင်နှီးမြှပ်နှံမှုတွေသာ အတားအဆီးမရှိဝင်လာရင် သူတို့မှာက ကိုယ့်ထက် ငွေအားရော လူအားရော နည်းပညာအရမှာပါ ပြောစရာမလိုအောင် သာတာဆိုတော့ကား ….. အားပါးပါး မတွေးဝံ့စရာပဲ။ လိုလျှင်ကြံဆ နည်းလမ်းရတဲ့၊ တိုးတက်အောင်လုပ်ဖို့ နည်းလမ်းသာ ရှာထားပေတော့။
ရွှေယုန်။                   ။ နို့ ဒါဖြင့် မြေးတို့ဘာတွေကြိုပြင်ဆင်ထားရင်ကောင်မလဲ ???
ဆန်ဖိုးဖိုး။        ။ အင်း… ဘဘဥာဏ်မီသလောက် စဉ်းစားကြည့်တာတော့ဖြင့် ကိုယ့်မှာကသူတို့ကိုကျော်ပြီးယှဉ်နိုင်တာဆိုလို့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသအကြောင်းကို သူတို့ထက်ပိုသိတာပဲ။ ဒီတော့ကား အဲ့ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ဆီက ငွေကြေးအင်အားနဲ့ နည်းပညာကို ရအောင်ယူနိုင်အောင် ကြိုးစားရမယ်။ ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုသလို သူတို့ဆီက နည်းပညာကို ရအောင်ယူနိုင်ဖို့ဆိုတာက ကိုယ့်လူတွေက အဲ့ဒီနည်းပညာတွေကို နားလည်နိုင်တဲ့ အရည်အချင်းရှိရမယ်၊ မဟုတ်ရင်တောင် သင်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်လေ၊ ဒီနေရာမှာ လူ့စွမ်းအားအရင်းမြစ်ကို ဖွံဖြိုးအောင်လုပ်ဖို့ရာ လေ့လာသင်မှုနဲ့ လေ့ကျင့်သင်ကြားမှု(Learning & Training) က အရေးကြီးလာပြီ။ သင်ယူတတ်မြောက်တယ်ဆိုတာက ပတ်ဝန်းကျင်နဲ့လည်း ဆိုင်သေးတာကိုး။ ဒီတော့ ပတ်ဝန်းကျင်ကလည်း လေ့လာသင်ယူမှုကိုအားပေးတဲ့ Learning environment ဖြစ်သင့်တာပေါ့။
ရွှေယုန်။                   ။ Learning Environment ဆိုတာက
ဆန်ဖိုးဖိုး။        ။ ခုနကပြောပြီးပြီလေ၊ လေ့လာသင်ယူမှုကို အားပေးတဲ့ ပတ်ဝန်းကျင်ပါဆို။ ခဏခဏမပြောခိုင်းနဲ့၊ အသက်ကြီးပြီ စကားအများကြီးမပြောနိုင်တော့ဘူး။
ရွှေယုန်။                   ။ အော်.. ဟုတ် ဟုတ် သိပါပြီ။ ဒါဖြင့် အဲ့ဒီပတ်ဝန်ကျင်ကို ဘယ်လိုတည်ဆောက်ရမှာလဲ။
ဆန်ဖိုးဖိုး။        ။ အဓိက ကတော့ လူတွေကို အမှားလုပ်လို့ အပြစ်ပေးတာထက် အမှားကနေ သင်ခန်းစာယူတတ်အောင် လေ့ကျင့်ပေးရမယ်။ ဒီလိုပြောလို့ အမှားလုပ်တာကို ထိုင်ကြည့်နေပြီး ခွင့်လွတ်ခိုင်းနေတာ မဟုတ်ဘူး။ ဒီအလုပ်က ခက်ခဲတယ်ဆိုတော့ လိုအပ်ရင် ပြင်ပက အကြံပေးပညာရှင်တွေနဲ့ တိုင်ပင်သင့်ရင် တိုင်ပင်ရမယ်။ သူတို့အကူအညီလိုအပ်တယ်ဆိုရင်ပေါ့။
ရွှေယုန်။                   ။ Learning Environment အပြင် တခြားလိုအပ်တာတွေကကော..
ဆန်ဖိုးဖိုး။        ။ လိုအပ်တာတွေ ပြောနေလို့တော့ဖြင့် ဒီနေ့လည်း ပြီးမှာမဟုတ်ဘူး၊ နက်ဖြန်လည်း ပြီးမှာမဟုတ်ဘူး။ နို့ပေမယ့်လို့ အဓိကကျတဲ့အရာတွေကိုတော့ ခုပြောမှဖြစ်မယ်။ လူဆိုတာက ဘယ်တော့သေမယ်မသိဘူး။ အသက်ကကြီးပြီ။ မပြောရသေးဘဲ သေသွားရင် ဒုက္ခ။
ရွှေယုန်။                   ။ အဲ့ဒါကြောင့် ဘဘကို အခုပြောပြသွားပါလို့ ပြောတာပေါ့။
ဆန်ဖိုးဖိုး။        ။ သြော်… ပြောပါမယ်၊ နောက်ထပ်လိုအပ်တာက အနှစ်ချုပ်ပြောရင်တော့ “စနစ်” ပေါ့။ အဲ့ဒါက ဒို့မြန်မာတွေ အဓိက အားနည်းတဲ့ အပိုင်းလို့ ပြောရင်လဲရတယ်။ Documentation ဆိုတာကို မြန်မာတွေက သူတို့နဲ့မဆိုင်တဲ့ အပိုင်းလို့ ယူဆထားတာကိုး။ ကိုယ့်ကလေး ဘယ်နေ့မွေးလဲ ဆိုတာတောင် ရွာထိပ်ကညောင်ပင်ကြီးလဲတဲ့နေ့လို့ မှတ်ထားတတ်တဲ့ လူမျိုးကလား။ ဒါတွေပြောတော့လဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုပါပဲ။ ကဲ ကဲ.. မြေးနဲ့ ခဏက ပြောနေတာ ဆက်ကြစို့။
စနစ်လို့ပြောတော့ အကုန်ပါတာပေါ့။ လုပ်ငန်းဖွဲ့စည်း တည်ဆောက်ပုံစနစ်(Organisation structure)၊ အချင်းချင်း ဆက်သွယ်ဆောင်ရွက်တဲ့ စနစ်(Communication and networking system)၊ အခြေခံစံသတ်မှတ်ချက် နည်းစနစ်(Standard Operation Procedures and Practices – SOPP)၊ ဒါတွေကို ပြောတာပေါ့။ အဲ့ဒီစနစ်တွေကို စနစ်တကျ တည်ဆောက်ထားရမယ်။ ဒါတွေတည်ဆောက်တဲ့အခါမှာလည်း လိုအပ်လို့ရှိရင် ပြင်ပက ပညာရှင်တွေရဲ့ အကူအညီကိုရယူရမယ်။ အဲ့ဒီလို အခြေခံကျတဲ့ စနစ်တွေရှိနေရင် အလုပ်ထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက် အလွှဲအပြောင်းလုပ်တဲ့အခါလဲ ပိုလွယ်သွားတာပေါ့။ အလုပ်စဉ် အစအဆုံးကိုလဲ နားလည်သွားတာပေါ့။
ရွှေယုန်။                    ။အင်း… ဘဘ ပြောတာ တော်တော်လဲစုံသွားပြီ။ မြေးလည်း တော်တော်စဉ်းစားစရာ ရသွားပါပြီ။ ဘဘ လဲမောရောပေါ့၊ နားလိုက်ပါအုံး။
ဆန်ဖိုးဖိုး။        ။ မနားနိုင်သေးပါဘူးကွယ်။ ဆန်ဖွတ်နည်း တက်ကနစ်အသစ်အဆန်းတွေ စဉ်းစားပြီး Imported ဆန်တွေနဲ့ ယှဉ်နိင်အောင်၊ ပိုသာအောင် ကြိုးစားရအုံးမယ်။ ဒါမှပဲ……………………….
~ Soi Moe Aye Shin (Assistant Researcher)